အမြန်လမ်း…
ကြားဖူးထားတာတွေက နားနှင့်မဆန့်လောက်အောင်ရှိပေမယ့် ဦးတင်မောင်တစ်ယောက် ကြောက်ဖို့တော့ စိတ်မကူးမိသေး…။ တစ်နေ့ကပဲ မောင်ထွန်းလာပြောသွားသေးတယ်မလား..။ ဘာတဲ့.. အမြန်လမ်းပေါ်မှာ ဘေးကနေ ရပ်ကြည့်နေတဲ့ မိန်းကလေးကို မိုင်တိုင် ခြောက်ခုအတွင်း သုံးကြိမ်တိတိ တစ်နေရာထဲ တွေ့လိုက်တယ်ဆိုလား..။ သရဲဆိုတဲ့အမျိုးကို အကောင်အထည်လိုက် မတွေ့ဖူးယုံသာမက အသံလေးတောင် မကြားဖူးတာမို့ ဦးတင်မောင် မကြောက်မိတာလဲမဆန်း..။ အခုလဲ တာဝန်အရ အားချင်း မန္တလေးကနေ ရန်ကုန်ကို ဆင်းရမယ်ဆိုလို့သာ မလွဲသာလို့ ညဘက်ကို သရဲအင်မတန်ကြောက်တတ်တဲ့ တပည့်ကျော်မောင်တင့်နဲ့ မောင်နီအမည်ရ ဒရိုက်ဘာအကျော်အမော်နှစ်ယောက်နဲ့ ခရီးထွက်ရမှာ…။
(ဆရာ… မနက်စောစောမှ ကျွန်တော်တို့ ထသွားရအောင်လားဗျာ..)
(ဟာကွာ မောင်နီ .. မင်းက သွေးကြောင်နေပြန်ပြီ…။ ဒီမှာကိုယ့်လူ..။ သရဲဆိုတာ ငါ့ဘဝမှာ မြင်ဖို့မပြောနဲ့ အသံလေးတောင် ကြားဖူးတာမဟုတ်ဘူးကွ…)
(ဟာ.. ဆရာကလဲ မမြင်ဖူး မကြုံဖူးသေးတာနဲ့ မမြင်တော့ဘူး မကြုံတော့ဘူး ပြောလို့မရဘူးလေဆရာ….။ မတော်လို့ ဆရာ အိပ်မောကျနေတုန်း ကျွန်တော်တို့ လမ်းပေါ်မှာ ကြုံနေရရင် ဘယ်လိုလုပ်မလဲ..။ မောင်ထွန်းပြောတဲ့ အကြောင်းကလဲ မကြာသေးခင်ကမှ ဖြစ်ထားတာလေဆရာ..။ သတိဟူသည် ပိုသည်မရှိပါဗျာ….)
(နင့်မေကလွှားတဲ့မှ….။ ဒီလောက်ကြောက်တတ်နေရင်လဲ လူကြီးမလုပ်နဲ့ဟေ့..။ မနက်ဖြန်မနက်ကို ရန်ကုန်မှာ အစည်းအဝေးတက်ရမှာဆိုနေမှ မနက်မှထွက်ပါလားနဲ့ တိုးနေတယ်..။ ဟိုကောင် မောင်တင့်.. မင့်ဘော်ဒါ မောင်နီကို ခနလာခေါ်ထားစမ်း..။ ငါလုပ်မိတော့မယ်..)
ငယ်ငယ်ကတည်းက ဦးတင်မောင်လက်ပေါ်မှာ ကြီးလာတဲ့ တပည့်ကျော်တွေမို့ ဦးတင်မောင် ဆဲဆိုတာလောက်တော့ သူတို့ မမှုတော့…။ ဆရာ စိတ်ထွက်လာပြီဆိုတာ သိလိုက်တော့ မောင်တင့်က မောင်နီကို အသာလေး လက်ကုတ်ခေါ်သွားတယ်…။
(မင်းကလဲ ကိုယ့်ဆရာအကြောင်းကိုယ်သိနေသားနဲ့…)
(အေး… ဒါပေမယ့် ဟိုကောင် မောင်ထွန်းပြောတာလဲ ငါကြားဖူးနေတာ များပြီ…။ အဲ့လိုတွေ တွေ့လိုက်ရရင် ကားက တစ်ခုခုဖြစ်တော့တာ..။ ငါတော့ စိတ်မသန့်ဘူးကွ..)
(ဟကောင် ငနီ… မင်းကလေ ပြောလေကဲလေ မန်းလေပြဲလေပဲ…။ ကိုယ်လုပ်စရာရှိတာလုပ်..။ အဝတ်တွေ ထည့်စရာရှိတာအရင်ထည့်..။ ဆရာ့ပစ္စည်းတွေလဲ သေချာ စစ်ကူရဦးမယ်…။ ဆရာမလုပ်လဲ ငါလုပ်မိတော့မယ်..။ ကြောက်နေရတဲ့ကြားထဲ…။ ခီးတဲ့မှ….)
နှစ်မဲတစ်မဲ ဖြစ်သွားပြီဆိုတော့ မောင်နီတစ်ယောက် မသက်မသာပဲ ပစ္စည်းတွေ သိမ်းနေရတယ်..။ စိတ်ထဲမှာတော့ မောင်ထွန်းပြောတဲ့ မိုင်တိုင်ခြောက်ခုမှာ ကောင်မလေးတစ်ယောက်ထဲကို သုံးခါတွေ့လိုက်ရတယ်ဆိုတာကို နားထဲက မထွက်နိုင်ဖြစ်နေတယ်..။
ညနေစောင်းတော့ ဦးတင်မောင်ကို သူငယ်ချင်း အသိကျောင်းဆရာတွေက လာနှုတ်ဆက်တယ်..။ အကုန်လုံးက ပါမောက္ခနဲ့ ပါချုပ်ကြားက အဆင့်တွေ…။ လူကြီးတွေဆိုပေမယ့် သူငယ်ချင်းအချင်းချင်း တွေ့တဲ့အခါ လူငယ်တွေလိုပဲ ပြောတတ်ကြတယ်..။ သူတို့အထဲမှာ အဆိုးဆုံးက မြန်မာဆရာပါမောက္ခကြီး ဦးဝင်းထိန်ပေါ့..။ စကားပြောရင် တစ်တစ်ခွခွနဲ့ အားရပါးရ ပြောတတ်လို့ သူ့ကို တပည့်တပန်းတွေကအစ ချစ်ကြ ကြောက်ကြတယ်..။ အခုလဲ ဦးတင်မောင်တစ်ယောက် ညဘက် အမြန်လမ်းကို ကိုယ်ပိုင်ကားနဲ့ ခရီးထွက်မယ်လဲကြားရော မနေနိုင်မထိုင်နိုင်ရောက်လာတယ်..။
(ကိုတင်မောင်.. ခင်ဗျား ကိုယ်ပိုင်ကားနဲ့ ဒီည အမြန်လမ်းက ရန်ကုန်သွားမလို့ဆို)
(ဟုတ်တယ် ကိုဝင်းထိန်…)
(ခင်ဗျားဗျာ..။ ဒီရာထူး ရတာမှ မကြာသေးပဲ ဘယ်လိုဖြစ်တာတုန်း…)
(ဟာဗျာ… ကျွန်တော်က ဘာဖြစ်တော့မှာမို့လို့လဲ ကိုဝင်းထိန်ရ…)
(ဒီနှစ်က နှစ်ထောင့်ဆယ့်လေးလေ…. သိတယ်မလား..)
(သိပါ့ဗျာ…)
(ခင်ဗျားမို့လို့ လူမိုက်လုပ်ပြီး အဲဒီအမြန်လမ်းကနေသွားတယ်…။ ဒီနှစ်ထဲမှာ အဲဒီလမ်း လူဘယ်နှစ်ယောက် စားပြီးပြီလဲ ခင်ဗျားသိလား…)
(လုပ်ပြီဗျာ…။ ကျုပ်က ခရီးသွားရမယ့်သူလေ..။ ခင်ဗျား ဘာတွေ လာပြောနေတာလဲဗျာ…)
(အေး.. ခင်ဗျားမျက်နှာပြဲကြီးကို ရွှေမန်းမြို့မှာ မြင်ချင်သေးလို့ဗျို့)
(လုပ်ပြီဗျာ…)
(အဟုတ်ပြောတာ..။ ကျုပ်တပည့်တစ်ယောက်တောင် အရင်လက အမြန်လမ်းဘက်ကနေသွားတာ လမ်းပေါ်မှာ တက်ကနေတဲ့ ဆံရှည်မတစ်ယောက်နဲ့ တိုးခဲ့လို့တဲ့…။ ပြန်ရောက်လာတော့ နှာနှပ်လိုက်ရတယ် မနည်းကောင်း…။ )
(သူ့ဟာသူ အမြင်မှားတာလဲ ဖြစ်ရင် ဖြစ်မှာပေါ့ဗျာ…)
(အေးပါ အေးပါ ကိုတင်မောင်ရာ … ခင်ဗျား တစ်ခုခုဖြစ်ရင် ကျုပ်ကို ဖုန်းဆက်..။. ဟိုကောင်နှစ်ကောင်လဲ မင်းတို့ဆရာကို ဂရုစိုက်..။ တစ်ခုခုဖြစ်ရင် ငါ့ကို အကြောင်းကြား… အမြန်လမ်းက အရေးပေါ်တပ်ဖွဲ့ကကောင်တွေက ငါ့တပည့်တွေ ရှိတယ်…။ )
(ကိုဝင်းထိန်.. ခင်ဗျား များပြီ…။ စိတ်ပူတာကို ကျေးဇူးတင်တယ်.. အခုကတည်းက ကျိန်စာတော့ မတိုက်သေးနဲ့..။ ခင်ဗျားလုပ်ပေါက်က ဆေးရုံကားကိုပါ နောက်ကနေ တစ်ပါထဲ ခေါ်သွားရမလိုပဲ…)
ဦးတင်မောင်ကြီး မျက်နှာညိုလာတော့မှ ဆရာကြီးဝင်းထိန်လဲ လေကန်တာ ရပ်တော့တယ်..။ ဒါတောင်မှ မင်းနဲ့ ဆုံချင်သေးတယ်က လုပ်သေးတာ…။ ဆရာကြီးတွေ အလျှိုလျှို ပြန်ကုန်တော့မှ ဦးတင်မောင်တို့ ခရီးထွက်ဖို့ လုပ်ရတယ်..။ ကားက ဗန်ဖင်ကောက်…။ အလတ်ကြီးမို့ ကီလို တစ်ရာကျော်ကတော့ အေးဆေး ငြိမ်နေအောင် မောင်းလို့ရတယ်..။ ကားမောင်းဖို့ ခွဲတမ်းချတော့ တပည့်ကျော်နှစ်ယောက်ကို အထွက်မောင်းဖို့ တာဝန်ပေးလိုက်တယ်..။ ဦးတင်မောင်ကတော့ နောက်ကနေ အေးအေး သက်သာ လိုက်စီးလာတယ်…။
မီတ္ထီလာ လမ်းခွဲကို ကျော်တော့ တော်တော်လေး ညဥ့်နက်နေပြီ…။ ထွက်လာတာကလဲ ည ဆယ်နာရီခွဲကျော်ကိုး…။ နေပြည်တော် လမ်းခွဲကိုကျော်တော့ တပည့်ကျော်နှစ်ယောက်လဲ ယိမ်းထိုးစပြုနေပြီမို့ သင့်တော်ရာ လမ်းကြယ်တဲ့ လမ်းဘေးမှာ ခန အိပ်ဖို့ ဦးတင်မောင် ညွှန်ကြားလိုက်တယ်..။ မဟုတ်ရင် ဘာမှ မတွေ့ပဲ မရဏမင်းနဲ့ တိုက်ရိုက် စကားပြောရကိန်းရှိတာကိုး…။
မန်းကထွက်တည်းက ပင်ပမ်းလာတဲ့ ဦးတင်မောင်တစ်ယောက် ကားရပ်ပြီး မကြာဘူး အိပ်ပျော်သွားတယ်..။ ရုတ်တရက် အိပ်မက်လား တစ်ကယ်လား မခွဲခြားလိုက်နိုင်ခင် ဦးတင်မောင် တစ်ခုခုကို မြင်လိုက်တယ်..။ တစ်ခြားတော့မဟုတ်ဘူး ဦးတင်မောင်ရဲ့ ခြေရင်းဘက် ကားတံခါးနားမှာ မိန်းမတစ်ယောက် ရပ်ကြည့်နေတာကို တွေ့လိုက်တာ..။ သူက နောက်ခုံမှာ အလျားလိုက် အားပါးတရအိပ်တာကိုး…။ အဲဒီမိန်းမပုံစံက ကားထဲကို အတင်းဝင်လာတော့မလို ဖြစ်လာတာမို့ ဦးတင်မောင်ကလဲ အားပါးတရကို ပိတ်ကန်တာပေါ့…။ တကယ်တမ်း ကန်မိတာက ကားပြတင်းတံခါးမှန်ကို..။ တအုန်းအုန်း အသံကြောင့် တပည့်ကျော်နှစ်ယောက်က လန့်နိုးလာတယ်..။
(ဘာဖြစ်တာလဲ ဆရာကြီး)…
ကားဂွေကို အကိုင်လိုက်နဲ့ မောင်နီက လှည့်မေးတယ်..။ ဦးတင်မောင် ဖြေဖို့ မလိုလိုက်ပါဘူး..။ ကားတံခါးဘေးမှာ ရပ်နေတဲ့ အကြည့်စိမ်းနဲ့ မိန်းမကြီးကို မောင်နီနဲ့ မောင်တင့်လဲ တွေ့လိုက်တယ်လေ..။ ဦးတင်မောင်က အိပ်မက်လား တကယ်လား ခွဲမရသေးဘူး…။ ကားစတီယာရင်ကိုင်ပြီး ကြောင်တက်နေတဲ့ မောင်နီကို မောင်တင့်က အော်တယ်..။
(နင့်မေကလွှားတဲ့မှ.. စက်နှိုးဟ ငနီ… မောင်းမောင်း … မောင်း…………….. )
မောင်တင့် အသံကြားလိုက်မှ မောင်နီလဲ သတိဝင်လာပြီး ကားစက်နှိုးလို့ ဒင်းကြမ်းမောင်းပြေးတာပေါ့…။ ဦးတင်မောင်က ကားနောက်ခန်းကနေ လှမ်းကြည့်လိုက်တော့ ရှင်းလင်းနေတဲ့ အဝေးပြေးလမ်းမကြီးကိုပဲ မြင်နေရတယ်.။ ခုနက မိန်းမကြီးကတော့ ကြက်ပျောက်.. ငှက်ပျောက်….။ ရန်ကုန်ဝင်တဲ့အထိကို မောင်နီတို့ ကြောက်လန့်ပြီးမောင်းချသွားတယ်..။ အဝင်ဂိတ်နားရောက်မှ ဦးတင်မောင်က လူစားလဲလိုက်တယ်..။ ပြီးတော့…
(ငါလခွေးတဲ့မှ… နောက်ဆို ဘယ်လောက်အိပ်ချင် အိပ်ချင် ကြုံရာ လမ်းဘေးတော့ မအိပ်တော့ဘူး… ကြောက်လို့မသေလဲ ကြောက်ကြောက်နဲ့ ထမောင်းတဲ့ ဒရိုက်ဘာကြောင့် သေမှာပဲ…)
ကိုယ့်အပြစ်နဲ့ ကိုယ်မို့ မောင်နီင်္လဲ ဇက်လေးပုနေယုံမှ တစ်ပါး…….
(ဇာတ်လမ်းအတွင်းရှိ ဇာတ်ကောင်များနှင့် ဇာတ်အိမ်မှာ စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ ဖြစ်ရပ်မှန် အမြန်လမ်းဘေး အတွေ့အကြုံကို အခြေပြု၍ စာရှုသူများ ဖတ်ပျော်စေရန် စီမံထားခြင်းသာ… တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။)
အားလုံးအဆင်ပြေကြပါစေလို့ဆ့မွန်ကောင်းတောင်းပေးလိုက်ပါရစေခင်ဗျာ.......
No comments:
Post a Comment